မတ်လ ၃ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်အရေးကြောင့် စက်သုံးဆီပြတ်မှာစိုးရိမ်ပြီး ပြည်တွင်းက မြို့ကြီးတွေမှာ စက်သုံးဆီဝယ် ယာဉ်တန်းရှည်ဖြစ်ပေါ် တဲ့သတင်းအပါအဝင် မတ် ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
မတ်လ ၃ ရက်နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အီရန်နိုင်ငံ့ဦးသျှောင် သေဆုံးခဲ့တဲ့တိုက်ခိုက်မှုဟာ အများထင်ခဲ့သလို ညအချိန်မှာ မဟုတ်ဘဲ နေ့အချိန် မနက်ခင်းပိုင်းမှာ ဖြစ်ပွားခဲ့တာပါ။
ဒီလိုတိုက်ရတဲ့အကြောင်းရင်းကတော့ အမေရိကန်နဲ့ အစ္စရေးတို့ဟာ နာရီပိုင်းအလိုမှာ ရခဲ့တဲ့ အရေးကြီးထောက်လှမ်းရေးအချက်အလက်တွေကို ကောင်းကောင်းအသုံးချဖို့ ဆုံးဖြတ်ခဲ့ကြတာကြောင့်ပါ။
အီရန်က အရေးကြီး ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံနိုင်မယ့် အခွင့်အလမ်းအချိန်အခါကို လပေါင်းများစွာ သူတို့ စောင့်ကြည့်နေခဲ့ကြပြီး အီရန့်ဦးသျှောင်ခေါင်းဆောင် အလီ ခါမေနီ တစ်ယောက် စနေနေ့ နံနက်ခင်းမှာ တီဟီရန်မြို့လယ်က ခြံဝင်းထဲ ရှိနေလိမ့်မယ်ဆိုတာကို သူတို့ သိခဲ့ကြပါတယ်။
တချိန်တည်းမှာ တခြားစစ်ဘက်နဲ့ ထောက်လှမ်းရေးအကြီးပိုင်းပုဂ္ဂိုလ်တွေ တွေ့ဆုံနေတဲ့နေရာကိုလည်း သူတို့က အတိအကျဖော်ထုတ်နိုင်ခဲ့ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)အစိုးရလက်ထက် မကွေးတိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးတာဟာ မကွေးထောင်ကနေ မနေ့ မတ်လ ၂ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။
မကွေးအကျဉ်းထောင်ကနေ လွတ်လာတဲ့ ဦးတာကို မိသားစုက မနေ့က သွားကြိုခဲ့ကြတယ်လို့လည်း နီးစပ်သူက ပြောပါတယ်။
စလင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌလည်းဖြစ်တဲ့ အသက် ၇၀ ကျော်အရွယ် ဦးတာကို စစ်တပ် ၂၀၂၁ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလထဲမှာပဲ ဖမ်းဆီးပြီး ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။
မကွေးအကျဉ်းထောင်ထဲမှာတော့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုအပြင် လွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေး၊ ဝန်ကြီးချုပ်ရဲ့ကိုယ်ရေးအရာရှိဖြစ်တဲ့ ဦးအောင်ဝင်းတို့ကို ထိန်းသိမ်းခံခဲ့ရပြီး ထောင်ဒဏ်တွေ အသီးအသီးချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အခုတစ်ခေါက် လွတ်ငြိမ်းမှာ ဒေါက်တာ အောင်မိုးညို မပါဝင်ပေမဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရတဲ့အကြောင်း အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM)ရဲ့ ဒီနေ့မွန်းလွဲပိုင်း ထုတ်ပြန်ချက်အရ မနေ့က စစ်ကော်မရှင် ပေးခဲ့တဲ့လွတ်ငြိမ်းကြောင့် နိုင်ငံရေးအကျဥ်းသား ၃၆၁၃ ဦးလွတ်လာပြီလို့ သိရပါတယ်။
ဒီအရေအတွက်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ည)နဲ့ ပုဒ်မ (က)တို့နဲ့လွတ်လာသူတွေဖြစ်ပြီး လွတ်မြောက်ဖို့ကျန်ရှိသူ ၃,၀၀၀ ကျော်လောက်ကျန်သေးတယ်လို့ PPNM ဦးဆောင်သူ ကိုသိုက်ထွန်းဦးက ဘီဘီစီကိုပြောပါတယ်။
PPNMက ဒီနေ့မွန်းလွဲပိုင်းထုတ်ပြန်တဲ့ လွတ်မြောက်နိုင်ကျဥ်းတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ အကျဥ်းထောင်၊ အချုပ်ထောင် ၃၁ ခုကနေ လွတ်မြောက်လာတာဖြစ်ပါတယ်။
“ကျွန်တော်တို့ စောင့်ကြည့်တာသာမလုပ်ရင် နိုင်ငံတကာရော ပြည်တွင်းမှာရော စစ်တပ် ထုတ်ပြန်တာကိုသာ ကိုးကားနိုင်ကြမှာ ဖြစ်ပါတယ်။ အပြောနဲ့ အလုပ်မညီဘဲ ပြည်သူ စိတ်ဝင်စားအောင် အရေအတွက်များများထုတ်ထားပေမဲ့ စစ်တပ်ဟာ နဂိုအတိုင်းပဲ နိုင်ငံရေး အကျဥ်းသားတွေကို လွှတ်ပေးချင်တဲ့ ဆန္ဒမရှိတာတွေ့ရတယ်” လို့ သူကပြောပါတယ်။
လွတ်ငြိမ်းမှာပါတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ည)နဲ့ ပုဒ်မ (က)တို့နဲ့ ဖမ်းဆီးခံထားရသူတွေကို ချက်ခြင်းလွတ်ပေးဖို့ PPNM က တိုက်တွန်းပါတယ်။
မနေ့က စစ်ကော်မရှင်ရဲ့ ပြစ်ဒဏ်လွှတ်ငြိမ်းခွင့်အမိန့်ကြေညာချက်မှာ အရင်လွတ်ငြိမ်းတွေတုန်းက ပါဝင်ခဲ့ခြင်းမရှိတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (ည)နဲ့ ပုဒ်မ (က)တို့နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကိုပါ ထည့်သွင်းလွတ်ငြိမ်းခွင့်ပေးလာတာဖြစ်ပါတယ်။
ဒီပုဒ်မတွေနဲ့ ထောင်ဒဏ်ကျခံနေရသူ ၇ ထောင်ကျော်ကို လွတ်ငြိမ်းပေးပြီး တရားစွဲခံရသူ သောင်းနှစ်ထောင်ကျော်ကို အမှုပိတ်သိမ်း ပေးတယ်လို့ စစ်ကော်မရှင်က ကြေညာခဲ့တာပါ။
ဒါပေမဲ့ တဖက်မှာလည်း ထောင်တွေကနေ ကြေညာချက်ပါ အရေအတွက်အတိုင်းလွတ်မြောက်လာ ခြင်းမရှိဘူးလို့ နိုင်ငံရေးအကျဥ်းသားဆိုင်ရာအသင်းအဖွဲ့တွေက စာရင်းကောက်ယူ ထောက်ပြနေကြတာ ဖြစ်ပါတယ်။
အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲလေကြောင်းတိုက်ခိုက်မှုအတွင်း အီရန်ရဲ့ဘာသာရေး အထွတ်အထိပ်ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပြီးတဲ့နောက် ဒီအခြေအနေဟာ အီရန်ရော၊ ဒေသတွင်းမှာပါ အန္တရာယ်များတဲ့အနာဂတ်ကို ဆောင်ကြဥ်းလာပါတယ်။
ခါမေနီဟာ အီရန်နိုင်ငံ့ဦးသျှောင်ဖြစ်သလို အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်(IRGC) အပါအဝင် လက်နက်ကိုင်တပ်တွေအားလုံးရဲ့ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ပါတယ်။
အီရန်မှာ အာဏာလေဟာနယ် မဖြစ်အောင် ကာကွယ်ဖို့နဲ့ ခေါင်းဆောင်မှု စဉ်ဆက်မပြတ်ဖို့ အတိတ်တုန်းကတော့ ခေါင်းဆောင်သစ်ကို မြန်မြန်ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်မှာတော့ အီရန်ဟာ တိုက်ခိုက်ခံရတာလည်း ကြုံနေရသလို ကိုယ်တိုင်ကလည်း ဒေသတွင်းက နိုင်ငံတွေကို ဒုံးကျည်တွေနဲ့ပစ်ခတ်တာတွေလုပ်နေလို့ အခြေအနေ ပိုရှုပ်ထွေးနိုင်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ တာချီလိတ်မြို့နဲ့ မြဝတီမြို့တို့မှာ စက်သုံးဆီပြတ်လပ်မှာ စိုးရိမ်ပြီး ကြိုတင်ဝယ်ယူသူများလာတာကြောင့် ဆိုင်တွေက အကန့်အသတ်နဲ့ရောင်းချရတာ၊ ဆိုင်ခေတ္တပိတ်တာတွေရှိလာတယ်လို့ မြို့ခံတချို့ဆီကနေ သိရပါတယ်။
အရှေ့အလယ်ပိုင်းဒေသက ပဋိပက္ခကြောင့် ထိုင်းနိုင်ငံက စက်သုံးဆီတင်ပို့တာတွေ ရပ်တန့်လိုက်တဲ့နောက် မြန်မာဘက်ခြမ်းက နယ်စပ်မြို့တွေမှာ နေထိုင်သူတွေအနေနဲ့ စိုးရိမ်မှုမြင့်တက်လာတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံနယ်စပ်က ဒီမြို့တွေဟာ မြန်မာပြည်တွင်းကလာတဲ့စက်သုံးဆီထက် ထိုင်းဘက်ကနေ တင်သွင်းတဲ့စက်သုံးဆီကို အဓိက အသုံးပြုတာဖြစ်ပါတယ်။
မြဝတီမြို့မှာ ဒီမနက်အစောပိုင်းကတည်းက ဆီဆိုင်တွေရှေ့မှာ တန်းစီဝယ်ယူနေကြတဲ့ ကားနဲ့ ဆိုင်ကယ်တွေကို ဆိုင်တွေက အကန့်အသတ်နဲ့သာရောင်းချပေးနေတာပါ။
“အိမ်ကကား ဆီဖြည့်တာ အပြည့်ရဖို့ ၃ ဆိုင်ခွဲဝယ်ခဲ့ရတယ်” လို့ မြဝတီမြို့နေသူတစ်ဦးက ပြော ပါတယ်။
မြဝတီမြို့က ဆီဆိုင်တွေမှာ ကားတစ်စီးကို ၃၀,၀၀၀ ကျပ်ဖိုးနဲ့ ဆိုင်ကယ် ၁၀,၀၀၀ ကျပ်ဖိုးသာ ရောင်းချပေးနေတာပါ။
ဒီနေ့ နေ့လယ်ပိုင်းမှာ ဆီဆိုင်တချို့က ခေတ္တပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
တာချီလိတ်ဘက်မှာတော့ ဆီဆိုင်တချို့မှာ ရွာဘက်က ဆီဆိုင်တချို့ပိတ်ထားပြီး မြို့ပေါ်မှာတော့ တန်းစီဝယ်ယူသူများပြားနေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
တချို့က ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်ခြမ်းကိုကူးပြီး ဝယ်ယူနေကြတာဖြစ်ပါတယ်။
“ဒီမနက်တော့ မှောင်ခိုဈေးက တစ်ဘူး ဘတ် ၁၀၀ လောက်ရှိနေပြီ။ ဆီဆိုင်ကြီးတွေရသေးပေမဲ့ တန်းစီရတယ်” လို့ တာချီလိတ်မြို့ခံက ပြောပါတယ်။
အွန်လိမ်ငွေလိမ်လုပ်ငန်း ကျားဖြန့်ကြောင့် ထိုင်းကနေ မြဝတီနဲ့ တာချီလိတ်မြို့တို့ဘက်ကို တရားဝင် စက်သုံးဆီတင်ပို့တာကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။
မြဝတီမှာ မှောင်ခိုလမ်းကြောင်းက ဝင်ရောက်တာတွေရှိနေပြီး တာချီလိတ်ဘက်ကိုတော့ လာအို ဘက်နေ တင်သွင်းနေတာဖြစ်ပါတယ်။
ထိုင်းက အစ္စရေး/အမေရိကန်နဲ့ အီရန်တိုက်ပွဲကြောင့် စက်သုံးဆီတင်ပို့မှုရပ်တန့်မယ်လို့ ကြေညာအပြီး ထိုင်း-လာအိုနယ်စပ် ထိုင်းဘက်ခြမ်းမှာ ဆီသယ်ကားတွေ ပိတ်မိနေတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ စမွတ်ပကန်မြို့နယ်က မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးရဲ့ကလေးကို မြန်မာကလေးထိန်းနဲ့ အပ်နှံထားခဲ့ရာကနေ ဦးခေါင်းဒဏ်ရာရခဲ့တာကြောင့် ကလေးငယ်ဟာ စမွတ်ပကန် ဆေးရုံကြီးမှာ ကုသမှုခံယူရင်း မတ်လ ၂ ရက်မှာ သေဆုံးတယ်လို့ မြန်မာရွှေ့ပြောင်းလုပ်သားအရေးကူညီတဲ့ WAG အဖွဲ့ကနေ သိရပါတယ်။
“ကလေးက ၂ နှစ်ဝန်းကျင်လောက်ရှိပါပြီ။ ဆေးရုံကတော့ ကလေးရဲ့ခေါင်းကဒဏ်ရာနဲ့ အသက်ရှုကြပ်တဲ့ လက္ခဏာကြောင့် သေဆုံးတယ်လို့ ပြောတယ်” လို့ WAG အဖွဲ့ဦးဆောင်သူ ကိုမုန်တိုင်းကပြောပါတယ်။
ဖြစ်စဥ်ကတော့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ကလေးထိန်းအမျိုးသမီးက ရေချိုးနေချိန်မှာ အပ်နှံထားတဲ့ကလေးကို သူ့ရဲ့ သားသမီး ၂ ဦးနဲ့ အတူထားခဲ့တုန်းမှာ ဒဏ်ရာရခဲ့တာလို့ သိရတဲ့အကြောင်းလည်း သူက ပြောပါတယ်။
“ကလေး ၂ ယောက် ထွက်ဆိုတာကတော့ ကလေးက ဆော့ရင်း ဆပ်ပြာရည်သောက်မိတယ်လည်း ပြောတယ်။ နောက်တစ်ခုက အိမ်ပေါ်က ပြုတ်ကျပြီး ခေါင်းနောက်ထိ ဒဏ်ရာရတာလို့လည်း ပြောတယ်” လို့ ကိုမုန်တိုင်းကပြောပါတယ်။
အစပိုင်းမှာ ကလေးက ဆော့ရင်း ချော်လဲပြီး ရောဂါအခံကြောင့် တက်သွားတာလို့ ကလေးထိန်း အမျိုးသမီးဘက်က ရှင်းပြခဲ့တဲ့အကြောင်း WAG ဘက်က အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အဲဒီနောက် ဆေးရုံတင်ခဲ့ပြီး ကလေးက စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတဲ့အတွက် ဆေးဖိုးဝါးခတွေကို အကုန်အကျခံမယ်လို့ ကလေးထိန်းအမျိုးသမီးက ပြောထားတယ်လို့ ကိုမုန်တိုင်းက ပြောပါတယ်။
ဒါပေမဲ့ ကလေးသေဆုံးတဲ့သတင်းသိပြီးတဲ့နောက် ကလေးထိန်းအမျိုးသမီးက ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။
ရဲစခန်းမှာ အမှုဖွင့်နိုင်ဖို့ WAG အဖွဲ့က ကလေးရဲ့မိသားစုကို ကူညီပေးနေတယ်လို့ သိရပါတယ်။
ထိုင်းမှာ မြန်မာရွှေ့ပြောင်းဝင်ရောက်မှု များလာတာနဲ့အမျှ ရွှေ့ပြောင်းလုပ်သားတွေဟာ သူတို့ အလုပ်သွားတဲ့အချိန်မှာ ကလေးငယ်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ မြန်မာအမျိုးသမီးအချို့ထံ ကလေးထိန်းသဘော နေ့အချိန် အပ်နှံမှု မြင်တွေ့လာရပြီး အခုဖြစ်ရပ်ဟာ ကလေးငယ် ဒဏ်ရာရ သေဆုံးတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်လာတယ်လို့ နားလည်ရပါတယ်။
ကမ္ဘာ့ ရေနံ ကုန်သွယ်ရေး ပင်မလမ်းကြောင်းဖြစ်တဲ့ ဟော်မုစ် ရေလက်ကြားကို ဖြတ်သန်းတဲ့သူ မှန်သမျှကို ''ပစ်ခတ်ပစ်မယ်'' လို့ အီရန်ဘက်က တနင်္လာနေ့မှာ ပြောလာတာကြောင့် ဒီရေလက်ကြားအရေး ရတက်မအေးစရာဖြစ်လာပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်(IRGC)ရဲ့ ကာကွယ်ရေးဦးစီးချုပ်အကြံပေး အီဘရာဟင် ဂျာဘာရီက နိုင်ငံပိုင်ရုပ်သံကနေ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
"သူတို့ ဒီဒေသထဲကို မလာသင့်ဘူး။ လာတာနဲ့ ကျွန်တော်တို့ဆီက တုံ့ပြန်မှုပြင်းပြင်းထန်ထန်ကို ရင်ဆိုင်ရမယ်"လို့ သူက ပြောလိုက်တာပါ။
ကမ္ဘာ့ရေနံစိမ်းအားလုံးရဲ့ ၅ ပုံ ၁ ပုံက အဲဒီရေလက်ကြားကနေ ဖြတ်သန်းသွားနေတာဖြစ်ပြီး ဒီရေလက်ကြားက အကျဥ်းဆုံးနေရာမှာဆိုရင် ၄၀ ကီလိုမီတာသာ ကျယ်တာပါ။
အီရန်အပေါ် အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းတိုက်ခိုက်မှု စတင်ကတည်းက ကမ္ဘာ့စွမ်းအင် စျေးနှုန်းတွေ ဆက်ပြီးတက်နေပါတယ်။
ကမ္ဘာ့ရေနံစျေးကွက်မှာ ဘရန့်ရေနံစိမ်းစျေး တစ်စည်ဟာ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာ ၇၉ ဒေါ်လာအထိ ကျော်သွားပါတယ်။ တိုက်ခိုက်မှုတွေ စဖြစ်တဲ့ ၂၈ ရက် ဖေဖော်ဝါရီမှာ စျေးကွက် ပိတ်လိုက်ကတည်းကဆိုရင် ၉ ရာခိုင်နှုန်းအထိ စျေးတက်လာတာဖြစ်ပါတယ်။
အချက်အလက်အသစ်တွေအရ အရှေ့အလယ်ပိုင်းကနေ တရုတ်ကို ရေနံတင်ပို့ဖို့ ရေနံတင်သင်္ဘောအကြီးစားတွေ ငှားရမ်းခဟာ တစ်နေ့ကို ဒေါ်လာ ၄၀၀ အထိ စံချိန်တင် တက်သွားပါတယ်။
အီရန်က ဒီရေလက်ကြားကို ပိတ်လိုက်ရင် ကမ္ဘာအပေါ် ဘယ်လို သက်ရောက်နိုင်ခြေရှိလဲ။ အပြည့်အစုံကို ဒီလင့်ခ် ကနေ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခအရှိန်မြင့်တက်လာချိန်မှာပဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့ရာလမ်းကြောင်းဖြစ်တဲ့ ဟော်မုစ်ရေလက်ကြားကို ဖြတ်သန်းတဲ့ဘယ်သင်္ဘောကိုမဆို ပစ်ခတ်မယ်လို့ အီရန်အရာရှိတစ်ဦးက သတိပေးလိုက်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုကတော့ အီရန်ကို ပြုလုပ်မယ့် ‘‘အပြင်းထန်ဆုံးတိုက်ခိုက်မှုတွေ လာဖို့ရှိတယ်’’ လို့ ပြောပြီး ‘‘ကျွန်တော်တို့ရဲ့တိုက်ရေးခိုက်ရေးနည်းဗျူဟာအသေးစိတ်ကိုတော့ ပြောမှာမဟုတ်ဘူး’’ လို့ ဆိုပါတယ်။
ယီရတ်မြို့မှာရှိတဲ့အမေရိကန်သံရုံးလည်း ဒရုန်း ၂ စင်းထိမှန်ခဲ့ပြီး ‘‘အသေးစားမီးလောင်မှုတစ်ခုနဲ့ အဆောက်အဦ အနည်းငယ်ပျက်စီးမှု’’ ဖြစ်ခဲ့တယ်လို့ ဆော်ဒီအာရေးဗျကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အီရန်မှာ အုပ်စိုးနေတဲ့လူတစ်စု ဆက်ပြီး မအုပ်စိုးနိုင်တော့အောင် ‘‘ရပ်တန့်ဖို့နောက်ဆုံးနဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်တာကြောင့်’’ အီရန်ကို တိုက်ဖို့ ဆုံးဖြတ်ခဲ့ရတာလို့ပြောအပြီးမှာ ဒီအခြေအနေတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်ကို တိုက်ခိုက်မှုလုပ်ချိန်ကတည်းကဆိုရင် ပထမဆုံးအကြိမ် အိမ်ဖြူတော်မှာ ပြောတဲ့မိန့်ခွန်းမှာတော့ သမ္မတထရမ့်က အမေရိကန်ဟာ ‘‘ကြီးမားတဲ့တိုက်ရေးခိုက်ရေး စစ်ဆင်မှုတွေ’’ ကို ဆက်လုပ်နေတယ်လို့ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို စနေနေ့မှာ ပူးတွဲလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အီရန်နိုင်ငံ့ဦးသျှောင်ရာထူးယူထားတဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီ သေဆုံးခဲ့ပါတယ်။ အဲဒီကတည်းက အစ္စရေး စစ်တပ်ဟာ တီဟီရန်ကို လေကြောင်းတိုက်ခိုက်မှုအသစ်တွေ ပြုလုပ်ထားပါတယ်။
အစ္စရေးဘက်ကလည်း လက်ဘနွန်နိုင်ငံထဲမှာရှိတဲ့ ဟစ်ဇ်ဘိုလာ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ထားပြီး ‘‘ခြိမ်းခြောက်မှုကို အပြည့်အဝ မဖယ်ရှားနိုင်ခင်အထိ’’ စစ်ဆင်ရေးဆက်ရှိမယ်လို့ သတိပေးပါတယ်။
လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၂ ဦး သေဆုံးပြီး ဘေရွတ်မြို့ခံတွေဟာ ဗုံးကြဲခံရတာကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာကတော့ အမေရိကန်- အစ္စရေးတို့က အီရန်ကို ပူးပေါင်းလေကြောင်း တိုက်ခိုက်မှုမှာ ဗြိတိန်မပါဝင်ဖို့ တမင်ဆုံးဖြတ်ခဲ့တာဖြစ်ပြီး သူ့အစိုးရဟာ ‘‘အုပ်စိုးသူအပြောင်းအလဲကို ကောင်းကင်ကနေ ပြောင်းလဲနိုင်မယ်လို့ မယုံကြည်တာကြောင့်’’ လို့ဆိုပြီး ပြောပါတယ်။
မှတ်တမ်းရုပ်ရှင်ဖန်တီးထုတ်လုပ်သူ ရှင်ဒေဝီဟာ မနေ့က စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်မြောက်ပြီလို့ သတင်းထွက်ခဲ့ပေမဲ့ ဒီနေ့အထိပြန်လွတ်လာတာမရှိသေးဘူးလို့ မိသားစုဝင်ဖြစ်သူက ဘီဘီစီကို အတည်ပြုပါတယ်။
ဘာကြောင့် ပြန်မလွှတ်တာလဲဆိုတဲ့ အကြောင်းပြချက်ကိုလည်း မိသားစုဘက်က မေးမြန်းစုံစမ်းပေမဲ့ ဒီနေ့မနက်ပိုင်းအထိ အဖြေမရသေးဘူးလို့ သိရပါတယ်။
သူလွတ်မြောက်လာပြီလို့ ကနဦးသတင်းတွေထွက်ပေါ်လာချိန်မှာ သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ဝမ်းသာကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ကြတာဖြစ်ပါတယ်။
ဆုရ မှတ်တမ်းရုပ်ရှင်ဖန်တီး ထုတ်လုပ်သူ ရှင်ဒေဝီဟာ ဘီဘီစီရဲ့ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာတစ်ဝန်းက အားကျစရာနဲ့ လွှမ်းမိုးမှုအရှိဆုံး ထူးချွန်ထင်ရှား အမျိုးသမီး ၁၀၀ စာရင်းမှာ ရွေးချယ်ခဲ့ရသူဖြစ်ပါတယ်။
သူဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာတုန်းက ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်က အောင်မင်္ဂလာအဝေးပြေးကွင်းမှာ အွန်လိုင်းကနေမှာယူထားတဲ့ ရိုက်ကူးရေးဒရုန်းကို သွားယူချိန်မှာ စစ်ဆေးဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
အဲဒီနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီမှာ ပုဒ်မ ၅၀(ည)နဲ့ အင်းစိန်ထောင်တွင်းတရားရုံးကနေ ထောင်ဒဏ်တစ်သက်ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။
၂၀၂၅ ဇန်နဝါရီလမှာတော့ စစ်ကောင်စီက ထောင်ဒဏ်တစ်သက်ကနေ ထောင်ဒဏ် ၁၅ နှစ်လျှော့ပေးသူ ၁၄၄ ဦးထဲမှာ ပါဝင်လာခဲ့ပြီး နှစ်ရှည်ထောင်ဒဏ် ဆက်လက်ကျခံနေရတာ ဖြစ်ပါတယ်။
၁၉၈၈ ခုနှစ်ကတည်းက စစ်အာဏာသိမ်းမှုကို ထင်ထင်ပေါ်ပေါ် ဆန့်ကျင်သူ ရှင်ဒေဝီဟာ လူမှုစီးပွားအကျပ် အတည်းကြောင့် ထွက်ပေါ်လာတဲ့ ၂၀၀၇ ရွှေဝါရောင် အရေးအခင်းအကြောင်း ရုပ်ရှင်မှတ်တမ်းတင်ရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။
သံဃာတွေ ဦးဆောင်တဲ့မြန်မာပြည်တွင်းက ၂၀၁၇ လူထုဆန္ဒပြမှုကို စစ်တပ်က လက်နက်နဲ့အင်အားသုံး ပစ်ခတ်ခဲ့တဲ့အကြောင်း သူ့မှတ်တမ်းရုပ်ရှင်နဲ့ နိုင်ငံတကာကို သိစေခဲ့တဲ့အမျိုးသမီးသတင်းထောက်တစ်ဦးလည်းဖြစ်ပါတယ်။
ရှင်ဒေဝဟာ လွတ်လပ်တဲ့အာရှအသံ(RFA) မြန်မာဘာသာဌာနမှာ ပြင်ပဆောင်းပါးရှင်တစ်ဦးဖြစ်ခဲ့ပြီး ဝါရှင်တန်ဒီစီအခြေစိုက် နိုင်ငံတကာအမျိုးသမီးသတင်းမီဒီယာဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ Wallis Annenberg အမျိုးသမီးသတင်းသမားဆုရှင်လည်းဖြစ်ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ပုဒ်မ ၅၂ (က) တွေနဲ့ အကျဥ်းချခံထားရသူ ၇၃၃၇ ဦးကို လွတ်ငြိမ်းပေးတယ်လို့ စစ်ကောင်စီက မနေ့က ကြေညာခဲ့ပေမဲ့ မနေ့ညနေပိုင်းအထိ ၂၄၆ ဦးရဲ့စာရင်းကိုသာ အတည်ပြုထားနိုင်သေးတယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က မတ် ၂ ရက်ညမှာထုတ်ပြန်ပါတယ်။
ဒီထဲက ၁၀၄ ဦးကိုသာ နာမည်နဲ့အတိအကျ ပြန်လည်လွတ်မြောက်လာပြီဆိုတာ အတည်ပြုထားနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒေသတွင်းသတင်းဌာနအချို့နဲ့ ဘီဘီစီက သိရှိရတဲ့အချက်အလက်တချို့အရ မနေ့က လွတ်မြောက်လာသူတွေထဲမှာ ထောက်ပို့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ Kpay နဲ့ Wave pay လို ပြည်တွင်း မိုဘိုင်းငွေကြေးစနစ် သုံးစွဲမှုကနေတဆင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်ပုဒ်မ အတပ်ခံရပြီးတဲ့နောက် ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံရသူ ဆယ်ချီလည်း ပါဝင်နေပါတယ်။
AAPP ကတော့ လွတ်ငြိမ်းစာရင်းတွေကို ဒီနေ့အထိ ဆက်လက်အတည်ပြုနေဆဲဖြစ်ပြီး ဆက်ထုတ်ပြန်ဖို့ရှိတယ်လို့လည်း AAPP အဖွဲ့က ဦးအောင်မျိုးကျော်က ဘီဘီစီကို ပြောပါတယ်။
“သေချာတာတော့ ၅၀(ည)တွေ လွတ်တယ်ပြောပေမဲ့ အကုန်မလွှတ်ဘူး။ စာရင်းပါပြီး မလွှတ်ဘဲ ပြန်ခေါ်တာလည်းကြားရတယ်။ ပြန်ခေါ်ပေမဲ့ ဒီနေ့ပြန်လွှတ်မလားဆိုတာနဲ့ ဒီတစ်ပတ်လုံး ဖြည်းဖြည်းချင်း လွှတ်မလားဆိုတာလည်း စောင့်ကြည့်ရမယ်” လို့ ဦးအောင်မျိုးကျော်က ပြောပါတယ်။
မနေ့က ညပိုင်းအထိ အကျဥ်းထောင်တွေရှေ့မှာ မိသားစုဝင်တွေက အကျဥ်းကျသူတွေ လွတ်လာဦးမလားဆိုပြီး စောင့်ဆိုင်းတာတွေရှိခဲ့တာပါ။
မနေ့က စစ်ကော်မရှင်လွတ်ငြိမ်းမှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေက ခေါင်းဆောင်ပိုင်းတာဝန်ယူခဲ့သူတွေနဲ့ ခေါင်းဆောင်ဟောင်းတချို့လည်း အကျဉ်းထောင်တွေကနေ ပြန်လွတ်လာပါတယ်။
ဒါပေမဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) မှာ ပါဝင်လှုပ်ရှားတဲ့ကျောင်းသားခေါင်းဆောင်တွေတော့ မပါလာခဲ့ဘူးလို့ ဗကသဘက်ကနေ သိရပါတယ်။
“လွတ်မလွတ်က အမှုအပေါ်မှာ ထဲထဲဝင်ဝင်ပါဝင်သူနဲ့ ပူးပေါင်းပါဝင်တာဆိုတဲ့ အတိမ်အနက်ပေါ် မူတည်မယ်လို့ ယူဆတယ်။ နောက်တစ်ခုက ထောင်ဘက်ကနေ တင်ပြချက်အပေါ်လည်းမူတည် နိုင်ပါတယ်” လို့တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက ဘီဘီစီကိုပြောပါတယ်။
ဒေါ်ဇာလီအေးကတော့ သူလိုက်ပါဆောင်ရွက်ပေးနေတဲ့ အမှုတွေထဲ အကြမ်းဖက်ပုဒ်မတွေနဲ့ တရားရင်ဆိုင်ဆဲဖြစ်တဲ့ အမှုသည်တွေထဲကလည်း လွတ်မြောက်လာသူမရှိသေးဘူးလို့ပြောသလို ‘’လုပ်ထုံးလုပ်နည်းအရ တရားရုံးရှေ့ကပဲ လွှတ်ပေးနိုင်တယ်’’ လို့ သူကယူဆပါတယ်။
ဒါကြောင့် စစ်ကော်မရှင်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပါ ပုဒ်မတွေနဲ့ရင်ဆိုင်ရနေရသူတွေကို အမှုရုပ်သိမ်းလိုက်တယ်ဆိုပေမဲ့ အမှုရင်ဆိုင်နေရသူတွေဟာ သက်ဆိုင်ရာ တရားရုံး ရုံးချိန်ရက်အထိ စောင့်ပြီးမှ တရားရုံးဆုံးဖြတ်ချက်နဲ့ ပြန်လွတ်မယ့်သဘောလို့ နားလည်ရပါတယ်။
စစ်ကော်မရှင်ရဲ့ မတ် ၂ ရက်လွတ်ငြိမ်းမှာ အကျဥ်းထောင် ၂၅ ခုက နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ ၁၈၉၅ ဦးလွတ်မြောက်လာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ပါတယ်။
PPNM ကလည်း အချက်အလက်တွေ ဆက်လက်ကောက်ယူနေဆဲဖြစ်ပြီး ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
မင်္ဂလာပါ။ မတ် ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။